ကျွန်တော်နှင့် စင်ကာပူ (ရင်းနှီးမြှပ်နှံ့ခြင်း)



နိဒါန်း


လူရယ်လို့ ဖြစ်လာရင် လောဘနှင့် မကင်းဘူး ထင်တာပဲ။ ခု ၂၀၂၃ မှာ လူတွေ ရင်းနှီးမြှပ်နှံ့မှုတွေကို ပိုပြီး ရင်းနှီးလာတာ တွေ့ရတယ်။ လူငယ်တွေ ပိုများလာတယ်။ တချို့ ကျောင်းတတ်ရင်းတောင် ဒါတွေ နားလည်နေပြီ။ ပြီးတော့ ပိုပြီး လွယ်ကူလာသလိုပဲ။ 

(၁) Stock Market (SGX) 

ကျွန်တော် အလုပ် စဝင်ခါစ ၂၀၀၄ ခုနှစ်လောက်က ငွေရှိရင် ဘဏ်မှာ Fixed Deposit အတိုးစားကြတာ များတယ်။ ကိုယ်ပိုင် စီးပွားရေးတွေထဲ ငွေမထည့်ရင်၊ သိပ်ပြီး  ရွေးစရာ မရှိဘူး။ အသက်အာမခံ ကုမ္ပဏီတွေ  ရောင်းတဲ့ unit trust ဟာမျိုးတွေတော့ အများကြီးပဲ။ ရထားဘူတာရုံတွေ အောက်၊ bus interchange တွေမှာ ရောင်းနေတဲ့ agents တွေ အများကြီးပဲ။ ကိုယ့်အသိတွေထဲမှာတောင် part time သဘောမျိုးနှင့် ရောင်းနေတာတွေ ရှိသေးတယ်။ ကိုယ်တွေတောင် အားနာလို့ ဝယ်လိုက်သေးတယ်။ ငယ်တာလည်း ပါတယ်။ သိပ်ပြီး နားမလည်တော့ သူ အပြောကောင်းရင် ဝယ်လိုက်တာပဲ။  ပြီးရင်  မေ့သွားတာပဲ။

၂၀၀၉ အလုပ်အသစ် ပြောင်းတော့ အင်ဂျင်နီယာ senior တစ်ယောက်နှင့် ရင်းနှီးသွားတယ်။ သူက SGX stock exchange အကြောင်း၊ broker တွေ အကြောင်း စပြီး ကိုယ့်ကို သင်ပေးတယ်။ မှတ်မိသေးတယ်။ စင်ကာပူ casino စပြီး ဖွင့်ခါစ။ Genting Singapore (ticker: G13)။ သူက သင်တယ်။ casino ရုံဆိုတာ ဘယ်တော့မှ မရှုံးဘူး။ သူ့ stock ကို ဝယ်ထား။ ကိုယ်က noob ပဲ။ သူပြောတာ လိုက်လုပ်တာပေါ့။ ဘာနားလည်မလဲ။ အဲဒီ အချိန်က broker တွေကမှ တကယ် ကားစီးနိုင်တာ။ သူတို့က ကိုယ် တခါ ရောင်းဝယ်ရင် (one transaction) စင်ကာပူ $25 က အောက်ထစ်။ ပြီးတော့ သူက ရာခိုင်နှုန်း (percentage) ယူတာ။ app တို့၊ website တို့ မရှိဘူး။ ကိုယ့် broker ကို ဖုန်းခေါ်ပြီး ဘာကို ဘယ်လောက် ဝယ်လိုက်ပါ ပြောရတာ။ နောက်တော့ website တော့ ပေါ်လာတယ်။ ပိုလွယ်လာတယ်ပေါ့။ အဲဒီအချိန်က broker ကောင်းဖို့ အရေးကြီးတယ်။ သူ့ဆီက အတွင်း သတင်းတွေ၊ ဘာတွေ ရတယ်ကိုး။ တခါတလေ မှန်တဲ့အခါ မှန်တယ်။

ကိုယ်တွေ broker ကို လူကို မြင်တောင် မမြင်ဘူးပါဘူး။ တစ်နှစ် တစ်ခါ ကားအသစ်လဲနိုင်တယ် ကြားတာပဲ။ ဝမ်းသာပါတယ်။ သူ့ဆီက မနက်တိုင်း ဘယ် stock တွေက hot နေတယ်၊ ဘယ် company IPO လုပ်တယ် email မြင်နေတာပဲ။ ကိုယ်က သိပ်မသိဘူး။ ကိုယ့် senior ကြီးဆီက stock tips ယူပြီး သူက ကောင်းတယ်ဆိုရင် ဝယ်လိုက်တာပဲ။

(၂) Beginner Luck

လောင်းကစား စစချင်း လူတော်တော်များများ ကံကောင်းတတ်ကြတယ် ကြားဖူးတယ်။ ကျွန်တော်လည်း ပါတယ်။ ဝယ်တယ်။ $100/$200  လောက် မြတ်ရင် ပြန်ရောင်းလိုက်တာပဲ။ ရှုံးတာလည်း ရှိတာပေါ့။ အဲဒါမျိုးကတော့ အရှုံးခံ မရောင်းဘူး။ ပြန်တတ်လာနိုးနှင့် စောင့်တယ်။ အရင်းရရင် ပြန်ရောင်းလိုက်တယ်။ ဒီလိုနဲ့ ဝယ်လိုက်၊ ရောင်းလိုက်နဲ့ တစ်နှစ်လောက် ကြာတော့ $1000 အမြတ်ပြတော့ ကိုယ့်ဘာသာကိုယ် အထင်ကြီးတာပေါ့။ ပြန်တွေးကြည့်တော့ တကယ် လောင်းကစားသမားလိုပဲ။ 


chart trend တစ်ခုထဲ ကြည့်ပြီး ဝယ်ရောင်း လုပ်နေတာ။ broker ကိုလည်း လုပ်ကြွေးရင်းပေါ့။ ကိုယ်ကတောင် ကိုယ့်ဆရာ senior ကြီးထပ် သာသွားသေးတယ်။ နောက်မှ နားလည်လာတာ။ သူက ကိုယ်ကိုသာ ပြောတာ။ သူက ဝယ်ချင်မှ ဝယ်တာ။ သူက အချီကြီးတွေ ချတယ်။ ကိုယ်က သူလောက် ပိုက်ဆံမှ မရှိတော့ လိုက်မလုပ်နိုင်တာလည်း ပါတယ်။ သူက ရှုံးတယ်။ ကိုယ်က မြတ်တော့ ပြုံးပြုံးပဲ။ Beginner Luck ပါလို့။ သူမှာ လေ့လာလိုက်ရတာ။ ကိုယ်တွေ ဘာမှ မလုပ်ရဘဲနဲ့ မြတ်နေတာ။

(၃) အယုံအကြည် လွန်ကဲခြင်း (over-confidence)

ဒီလိုနဲ့ ၂၀၁၁ မြန်မာနိုင်ငံ အပြောင်းအလဲတွေဖြစ်ပြီး ဦးသိန်းစိန် အစိုးရတတ်လာတော့ စင်ကာပူက ရင်းနှီး မြှုပ်နှုံသူတွေ စိတ်ဝင်စားလာတယ်။ သူရှေ့က ဗီယက်နက်မှာ ဒီလိုပဲ တံခါးဖွင်တော့ သွားပြီး ရင်းနှီးမြှုပ်နှံကြတာ တော်တော် အဆင်ပြေကြတယ် ကြားတယ်။ ခု မြန်မာက နောက်ဆုံးတံခါးဖွင့် ဆိုတော့ ပိုပြီး စိတ်ဝင်စားကြတယ်။

SGX မှာ မြန်မာနဲ့ ပတ်သတ်လို့ နာမည်ထွက်လာတာ ရိုးမ (yoma strategic holding, Z59.SI) တဲ့။ ကိုယ်တွေက မြန်မာပြည်က လာတာ ဆိုတော့ ကိုယ်ဘာသာကိုယ် နားလည်တယ်ပေ့ါ။ အမှန်က ငတုန်း၊ မြန်မာပြည် ဘယ်လို လုပ်ငန်းကြီးတွေ လည်ပတ်တယ် ဆိုတာ နားမလည်ဘူး။ ပြီးတော့ ရိုးမရဲ့ CEO ဦးသိမ်းဝေ (Serge Pun) က Mr. Clean ဆိုပြီး သတင်းကြီးသကိုး။ လာဘ်ပေး လာဘ်ယူ ကင်းတယ် ဆိုပဲ။ ကိုယ်တွေလည်း သေချာသိတာတော့ မဟုတ်ဘူး။ သတင်းတွေထဲ မြင်နေရတာကို ပြောတာ။

Beginner Luck လေးက ကျန်သေးတော့ အစတော့ ဟုတ်သလိုလိုပဲ။ ဝယ်လိုက် မြတ်လိုက်။ ဟုတ်နေပီပေါ့။

(၄) Falling knife

နိုင်ငံတကာ ရင်းနှီးသူတွေက စိတ်က ဒီလောက် ရှည်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံကို အစပိုင်းက အရမ်း မှန်းထားသလောက် တော်တော်ကို ဗျူရိုကရက် ဆန်တယ် ပြောရမလား၊ နှေးလွန်းတယ် ပြောရမလား။ ဗီယက်နမ်က မြန်မာနိုင်ငံထက် ခြေမြန်၊ လက်မြန်။ မြန်မာနိုင်ငံ အစိုးရပိုင်းက အလုပ်တွေ အရမ်းကြာလွန်းတယ်။ ဥပမာ ကွန်ဒိုနှင့် ပတ်သတ်ပြီး နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် ရှိ၊မရှိ ဆိုတာ တော်တော်ကြာကြာကို မသိရဘူး။ တစ်နှစ်ပြီး တစ်နှစ် ပြီးသာ သွားတယ်။ ရေရေရာရာ မရှိဘူး။ အစိုးရပိုင်းက လူတွေ၊ ပေါ်လစီတွေ အပြောင်းအလဲ အရမ်းများလွန်းတယ်။ အစိုးရ ဆိုတဲ့ တစ်သံထဲ မထွက်ဘူး။  ကိုယ်တွေ အဲဒီအချိန်က ဒီလို အတွေးအခေါ်မျိုး မတွေးတတ်သေးဘူး။ ကိုယ်သိတဲ့ နားအလည်ဆုံး နိုင်ငံ ဆိုပြီး​ ဝါးလုံးထဲ လသာကောင်းတုန်း။


yoma stock စျေးတွေက တဖြည်းဖြည်း ကျလာတယ်။ နားမလည်တော့ လက်ထဲမှာ ဆုပ်ထားတုန်း။ ပိုဆိုးတာက အရှုံးများလာတော့ break-even (အရင်းပြန်ရတာ မြန်အောင်) ဆိုပြီး ထပ်ဝယ်ရင်း သောင်းဂဏန်းလောက်ထိကို ရောက်လာတာ။ တစ်နှစ် အလုပ်လုပ်စာ ဒီ stock ထဲ မြှုပ်သွားတာပဲ။ တက်နိုး တက်နိုးနဲ့ စောင့်လိုက်တာ ၁၀ နှစ်တောင် ကျော်လာတာကိုသာ ကြည့်။ Catching falling knife ဆိုတာ ဒါမျိုးပဲ။

(၅) Closure

Yoma က လောလောဆယ် investment အမှားထဲက အကြီးမားဆုံးထဲက တစ်ခုပါပဲ။ ၂၀၂၁ နိုင်ငံရေး အခင်းအကျင်း ပြောင်းတဲ့အချိန်မှာ သွားပီဆိုတယ် သိလိုက်တယ်။ Investment မှာ ပြောလေ့ ရှိတဲ့ Political Risk ကို တကယ်ကို မျက်ဝါးထင်ထင် မြင်လိုက်တာပဲ။ ရောင်းမယ်လို့ စဥ်းစားလိုက်၊ စိတ်က နှမျှောလိုက်။ 

နောက်ဆုံးတမျှင်ကတော့ ဆိုရှယ် မီဒီယာပေါ်မှာ တတ်လာတဲ့ ဗီဒီယို တစ်ခု။ "PDF ‌တွေ နေပြည်တော်ကို တက်မသိမ်းရင် ရပြီ" ဆိုပြီး ဦးသိမ်းဝေက ပြောတဲ့ စကား။ CEO တစ်ယောက်လုပ်ပြီး စကားပြော သတိထားမှပေါ့။ ကိုယ်ဘာသာကိုယ် ပြဿနာကို မီးထွန်းသွားရှာတယ်။ ဒီစကားက စီးပွားရေးသမား (business leader) တစ်ယောက်က လူသူကြားထဲ စင်ပေါ်ကနေ ပြောရသလား။

အဲဒီနေ့ပဲ ရှိသမျှ yoma stock အကုန် အရှုံးခံ ရောင်းလိုက်တာပဲ။ 85% ရှုံးတယ်။ နှမျှောလား မေးရင် နှမျှောတာပေါ့။ ကိုယ်ရှာထားတဲ့ ပိုက်ဆံပဲ။ အဲဒီတုန်းက ရောင်းလိုက်တာလည်း ကောင်းပါတယ်။ အခုဆို stock စျေးက တဝက်ကျော် ထပ်ကျတယ်။ တက်ဖို့ အလားအလာလည်း မမြင်ပါဘူး။

အပိတ်

ခုဆိုရင် အသက်က ကြီးလာပီ။ အတွေ့အကြုံ နည်းနည်း ရှိလာပီ။ ပြန်သုံးသပ်ကြည့်တော့ အချက် ၂ ခုကို သွား သတိထားမိတယ်။

ပထမ အချက်က မြန်မာနိုင်ငံအကြောင်း ငါသိတယ်၊ ငါနားလည်တယ် အထင်မှားမိတာ။ ကိုယ် ကြီးပြင်းလာတဲ့ နိုင်ငံဆိုပေမယ့် ကိုယ်မြင်တဲ့ အမြင်နှင့် စီးပွားရေး investor တစ်ယောက် အမြင်နဲ့ မတူဘူး။ ကိုယ်တွေ မြင်တာက လမ်းပေါ်က လူတွေ ကားတွေ၊ shopping center တွေ။ investor တွေက FDI (ပြည်ပ ရင်းနှီးမှုတွေ)၊ တည်ငြိမ် မြန်ဆန်ပြီး investor အတွက် အားရစေတဲ့ policy ပိုင်းတွေ၊ နောက်လာမယ့် infrastructure projection တွေ၊ အရင်းအနှီး အသစ်တွေ၊ စျေးကွက်အသစ်တွေ။ တခြားဆီပဲ။

နောက်ဆုံးအချက်က investment ကို စိတ် ခံစားမှုနဲ့ သွားပြီး ရောမိလိုက်တာ။ ခံစားချက် (emotion) မပါခဲ့ရင် တစ်နေရာရာ ရောက်ရင် အရှုံးကို ရပ်လိုက်မိမှာပဲ။ 85% ရှုံးတယ်ဆိုတာ emotion က ဆွဲချသွားတာ။ တချိန်ချိန်မှာ ပြန်ကောင်းနိုး ပြန်ကောင်းနိုး မြင်းသေကြီးကို ထိုင်ကြည့်နေသလိုပဲ။ ပစ်လည်း မပစ်ရက်၊ သုံးစားလို့လည်း မရ။

ခုအချိန်မှာ yoma stock ကို ဝယ်မလား မေးရင် ဝယ်ချင်လောက်တဲ့ အကြောင်းပြချက် မရှိသေးပါဘူး။ တချိန်ချိန်မှာ ပြောင်းလဲလာရင် စိတ် ပြောင်းလာနိုင်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အူလည်လည် ကောင်ကလေးတစ်ယောက်လိုတော့ စဥ်းစားတော့မှာ မဟုတ်တော့ပါဘူးလို့။ 

အဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ သင်ကော ဘယ်လို ထင်ပါသလဲ။