2021: အတွေးတမျှင်

random thoughts

အတွေး

အသက်က ၄၀ နား ကပ်လာပီ။ အနောက်တိုင်းမှာ အသက် (၄၀) မှ ဘဝ စကြသည်ဟု ဆို၏။ မိမိ နေထိုင်သော နိုင်ငံ၏ ပျမ်းမျှ သက်တန်းအရ ဘဝ၏ သက်တန်း၏ တစ်ဝက်နည်းပါးကို ရောက်လာပီဟု ဆိုနိုင်၏။ သက်တန်းပြည့် နေနိုင်၊ မနေနိုင်သည်ကို အပထားအုံးတော့။ အယူအဆနှင့် အတွေး‌အခေါ်တို့ ပြောင်းလဲလာသည်ကိုတော့ မငြင်းနိုင်ပါ။ ‌ဆယ်ကျော်သက် အရွယ်၊ နှစ်ဆယ်ကျော် အရွယ်က ‌အတွေးအခေါ် အပြုအမှု တစ်ချို့ကို ခုပြန်တွေးကြည့်လျှင်ပင် အလွန် အံ့သြရသည်။

လောဘ

ငယ်ငယ်က အင်မတန် လောဘကြီးမိ၏။ သူများရှိသည်ကို ကြည့်၍ လိုချင်တပ်မက်မိ၏။ အမြဲလိုလိုပင် မိမိက စံပြထားနိုင်လောက်သူကို အမြဲပင် ရှာနေမိ၏။ ဥပမာ - ကျောင်းသားအရွယ်က ဘက်စုံ တော်သူကို အင်မတန် အားကျ၏။ သူတို့လိုလည်း ဖြစ်ချင်မိ၏။ အလုပ်ထဲ ‌စဝင်တော့ မိမိ အထက် စီနီယာများကို အားကျ၏။ သူတို့လို တော်ချင်၊ တတ်ချင်မိ၏။ ထို့အတွက်လည်း ကြိုးစား၏။ ထိုနေရာကို ရောက်သောအခါ တစ်ဖန် ထိုထက် မြင့်သောအရာကို ထပ်မြင်၏။ ထပ်ကြိုးစား၏။

ထို အမူအရာ၊ အလေ့အကျင့်သည် ကောင်းသည်ဟု အပေါ်ယံ မြင်ရသော်လည်း၊ စင်စစ်မှာ လူပေါ်တွင် မူတည်၏။ အချို့သော အရာများသည် လူပင်ပန်း၊ စိတ်ပင်ပန်းစေ၏။ အထူးသဖြင့် စိတ်မခိုင်ချင်သော ကျွန်တော်အဖို့ ဟိုဟာလည်း ဖြစ်ချင်၊ ဒီဟာလည်း ဖြစ်ချင် - ဖြစ်ချင်သည်များက များ၍ ဟိုမ‌ရောက် သည်မရောက် ဖြစ်ကာ စိတ်ဓါတ်ကျချင်လာ၏။ ညများတွင် အလုပ်တွေ ဆက်တိုက်လုပ်၍ အိပ်ချိန်နည်းသော အခါ လူပင်ပန်းရ၏။ ကြာလာသောအခါ မိသားစုဝင်များကိုပါ စိတ်မကြည်လင်။ ဘာလုပ်လို့ လုပ်နေမှန်း မသိသော အခြေ‌အနေသို့ ရောက်လေ၏။

အင်တာနက်‌ခေတ်

ယခုအချိန် လူဖြစ်လာသူတို့မှာ ကံကောင်းသလို၊ ကံ‌လည်း ဆိုး၏။ ကံကောင်းသည်မှာ မိမိသိချင်၊ တတ်ချင်သည်များကို အင်တာနက် သုံးတတ်ရုံဖြင့် လွယ်လွယ် ရ၏။ ‌ငွေ အများကြီး အကုန်ခံစရာလည်း မလို။ ဘာမှ စောင့်နေစရာလည်း မလို။ ကြိုက်ရာ အချိန်၊ ကြိုက်ရာ နေရာမှာ အင်တာနက် ရှိယုံမျှနှင့် အဆင်ပြေနေ၏။ စာဖတ်ချင်လား။ ရ၏။ ဂိမ်းဆော့ချင်လား။ ရ၏။ ရုပ်ရှင်ကြည့်ချင်လား။ ကြိုက်တာ ရွေးနိုင်၏။ ထိုအရာတို့ကား ယခုချိန် လူဖြစ်ရချင်း၏ ကံကောင်းချင်းတို့ပင်တည်း။

ကံဆိုးချင်းကား အင်တာနက်‌သည် အကောင်းကို ဆတိုးဖြစ်စေနိုင်သကဲ့သို့၊ အဆိုးကိုလည်း အစွန်းဆုံးထိ ရောက်အောင် ပို့လေ၏။ လူသတ္တ၀ါတို့သည် အသစ်အဆန်းများကို သဘောကျ၏။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတို့နှင့် အသက်ရှင် နေထိုင်နေသည် ဖြစ်၍ အင်တာနက်၏ အလွယ်တကူ မြင်ရ၊ ကြားရ၊ သိရသည်တို့က မီးကို လေပင့်ပေးသလို ဖြစ်လေ၏။

ချမ်းသာချင်သူ တစ်ယောက်သည် တခြားသူများ ချမ်းသာနေသည်များကို တွေ့ရ၍ သူတို့ကဲ့သို့ ချမ်းသာချင်၏။ ရည်းစားမရှိသူများက သူများ ရည်းစားထားသည်ကို မြင်၍ အားကျ၏။ အိမ်အကောင်းစား ကားအကောင်းစားများကို သုံးနေသည် တွေ့မိ၍ သူတို့ကဲ့သို့ သုံးချင်မိ၏။ သို့ရာတွင် ဘဝတွင် လိုသမျှ ရနေကြသည် မဟုတ်။ ‌အမြဲ ပျော်နေနိုင်ကြသည် မဟုတ်။ လူတို့ကား မိမိ မြင်လို၊ ကြားလို၊ သိလိုသည်ကိုသာ ကြည့်တတ်ချင်သော ဗီဇကြောင့် အင်တာနက်ပေါ်တွင် အောင်မြင်နေသူများနှင့် ပျော်နေသူများကိုသာ ရှာ၏။ ကြည့်၏။ တွေ့၏။

စိတ်ထားတတ်ဖို့

မည်သို့ နေထိုင်ရမည်နည်း။ ကျွန်တော်၏ အတွေ့အကြုံ အရ ဆိုလျှင် စိတ်ထားတတ်ဖို့ အရေးကြီးသည်ဟုပင် ဆိုချင်ပါသည်။ လူသာမန် ပုထုစဥ်သာ ဖြစ်သဖြင့် အမြဲ မုဒိတာ ထားနိုင်ရန် မဖြစ်နိုင်သလို၊ အမြဲ ‌ပူဆွေး သောက ရောက်နေစရာလည်း မလိုပါ။ အစွန်းတစ်ဖက် ရောက်သွားနေသည်ဟု ခံစားရသည်နှင့် တပြိုင်နက် မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ကြည့်ပါ။ မိမိ ဘဝ လမ်းကြောင်းနှင့် အခြားသူတစ်ယောက် လမ်းကြောင်းသည် လုံးဝ မတူနိုင်သည်ကို အမြဲ သတိရပါ။ တမိတည်းမှ ဖွားသော ညီအကို မောင်နှမများ ‌ဖြစ်နေကာမူ၊ ဘဝလမ်းကြောင်းမှာ မတူနိုင်ပါ။ ဉာဏ်၊ ကံ၊ ဝီရိယ မတူရင် လမ်းကွဲမည်မှာ မလွဲပါ။ အရေးကြီးဆုံးမှာ မိမိ၏ လက်ရှိ အခြေ‌အနေမှ အကောင်းဆုံး ဖြစ်နိုင်သော လမ်းကို ရွေးသည်မှာသာ မိမိကိုယ်ကို ကူညီရာ ရောက်ပါသည်။ မိမိသည်သာ နှိုင်းယှဥ်ရာ ဖြစ်သည်ဟုပင် ဆိုချင်ပါတော့သည်။

ဦးတည်ချက်

အချို့သော သူတို့သည် မိမိ ဖြစ်ချင်တာကို သိ၍၊ အချို့မှာ အသက်သာ ကြီးသွား၍ မိမိ ဘာလိုချင်သည်ကို မသိကြ။ မည်သည်က ကောင်းသည် ဆိုးသည်ဟု မဆိုချင်။ ဆိုစရာလည်း မလို။ ထိုအရာသည် သဘာဝ ဖြစ်၏။ ဦးတည်ချက်ဆိုသည်မှာ တစ်သက်လုံး တည်မြဲနေသော အရာမျိုးလည်း မဟုတ်။ ‌အချိန်အခါ၊ ပတ်ဝန်းကျင်ပေါ် မူတည်၍ ပြောင်းလဲတတ်၏။ မိမိငယ်ငယ်က ကျောင်းဆရာ ဖြစ်ချင်၏။ ကွန်ပြူတာ စတတ်ခါက ကွန်ပြူတာ ပရိုဂန်မာ ဖြစ်ချင်၏။ အ‌ချိန်ပိုင်း အရောင်းဝန်ထမ်း ဝင်လုပ်စဥ်က ဆိုင်ပိုင်ရှင် ဖြစ်ချင်၏။ အလုပ်ဝင်သောအခါ မန်နေဂျာ ဖြစ်ချင်၏။ ဦးတည်ချက်ကား အမြဲပင် ပြောင်းနေ၏။ လူတို့သည် ပတ်ဝန်းကျင်နှင့် သင့်တင့်အောင် ပြင်ဆင်နေထိုင်တတ်သော သတ္တဝါများ ဖြစ်နေသည့်အတွက် ဦးတည်ချက်မှာ လိုက်လံ ပြောင်းလဲနေသည်မှာ မဆန်းတော့ပါ။ သို့သော် အပြောင်းအလဲ များသော ဓလေ့မှာလည်း မကောင်း။ အာရုံများ၍ ဘာမှ မပီးနိုင်။ ယောင်ခြောက်ဆယ် ဖြစ်နေတတ်သည်။ အကောင်းဆုံးမှာကား အချိန်ကာလ ကန့်သတ် (timebox) နည်းပင် ဖြစ်၏။

အချိန်ကာလ တစ်ခု အနေဖြင့် ကန့်သတ်ထား၍ မိမိကိုယ်ကို စမ်းစစ်ကြည့်ခြင်းသည်ကား မိမိ ဦးတည်ချက်ကို စမ်းသပ်ခြင်း ဖြစ်၏။

ဥပမာ - မိမိသည် ပြင်သစ်ဘာသာ စကားကို လေ့လာကြည့်ချင်သည် ဆိုပါစို့။ ကြိုက်မည်၊ မကြိုက်မည် မသိသေး။ နောင်တွင် အသုံးဝင်မည်၊ မဝင်မည်ကိုလည်း မသိ။ ကိစ္စမရှိ။ မိမိ လုပ်ချင်သည့် အလုပ်ကို အချိန်တစ်ခု သတ်မှတ်လိုက်ပါ။ ၁ လ - ၃ လ စသဖြင့် မိမိ စိတ်ကြိုက် အချိန်တစ်ခုကို သတ်မှတ်လိုက်ပါ။ ထိုအတောအတွင်း အခြား အပိုကိစ္စများကို ထပ်မပေါင်းပါနှင့်။ အချိန်ပြည့်သည် အထိ တစိုက်မက်မက် လုပ်ကြည့်ပါ။ စိတ်ပါလျှင် ထပ်ပြီး အချိန်တစ်ခု သတ်မှတ်ပါ။ မပါလျှင် နောက် စိတ်ပါသည်ကို ထပ်စမ်းကြည့်ပါ။

အချို့က ဆိုမည်။ “စိတ်မပါသော ‌အလုပ်တစ်ခု ဖြစ်သွားခဲ့လျှင် အချိန်တွေ အလကား ဖြစ်သွားမည်” ဟု ဆို၏။ အမှန်သည်ကား အလဟာသ ဖြစ်သည်မဟုတ်။

မသိသေးသည့် အရာကို သိသွားခြင်းသည် ဖြစ်၏။

ပညာဆိုသည်မှာ မသိသည်ကို သိခြင်း ဖြစ်ရကား ပညာတိုးသွားသည်ဟု ယူဆနိုင်၏။ ထို့အပြင် မိမိအကြောင်းကိုလည်း ပိုသိမည် ဖြစ်၏။ ဥပမာ - ၁ လ ဆိုသော အချိန်သည် မိမိအတွက် အလွန် တိုတောင်းသည်ကို သိလိုက်ရ၏။ ထို့ကြောင့် နောင်တစ်ချိန်တွင် အခြားဘာသာစကား ကို လေ့လာမည် ဆိုပါက အချိန်ပိုယူရမည် ဖြစ်၏။ ထို့အတူပင် စိတ်မပါသော အလုပ်မျိုးကို အချိန် အကြာကြီး လုပ်ရသည်မှာ ပျော်စရာ မဟုတ်။ ထို့ကြောင့် နောင်တွင် အချိန်ကို လျှော့ယူရမည်ကို သိမည်။ ဆိုအုံးမည်။ အချို့က စိတ်မပါတော့ရင် ရပ်၍၊ နောက်တစ်ခု ပြောင်း၍ ‌မကောင်းပေလောဟု မေး၏။

ဘယ်အဆင့်ကို ရောက်ပီလဲ

မကောင်းပါ။ အချို့သော အရာများသည် learning curve အဖုအထစ်ကလေးများ ရှိတတ်၏။ ထို အဖုအထစ်ကို ကျော်လွန်သည်နှင့် တပြိုင်နက် နားလည်သွားတတ်ကြသည်။ ထို့နောက် စိတ်ဝင်စားစရာ တစ်ခု ဖြစ်ကာ၊ တစ်သက်လုံး စိတ်ဝင်စားသော ဝါသနာအဖြစ် ပြောင်းလဲသွားနိုင်၏။ ထို့ကြောင့် စိတ်မပါသော အချိန်တစ်ခုကို မဖြစ်မနေ ဖြတ်သန်းကြည့်ရမည် ဖြစ်သည်။

နိဂုံး

ဒီစာကို စရေးစဥ်က ရေးမည့် အကြောင်းအရာမှာ ၂၀၂၁ တွင် မိမိ၏ ‌အတွေ့အကြုံများကို ရေးရန် ဖြစ်၏။ သို့သော် ရေးရင်းနှင့် တခြားတစ်ဘက်ကို ရောက်သွား၏။ ချက်ချင်း ရပ်၍ အစက ပြန်ရေးရန် စိတ်ကူး၏။ သို့သော် စိတ်ထဲ ရှိနေသည်ကို ဆက်ရေးရင် ဘာဖြစ်သွားနိုင်သည်ကို သိချင်မိ၏။ ထို့အပြင် ယနေ့ ညအတွက် စာရေးမည်ဟုသာ စဥ်းစားထားသည် ဖြစ်၍ အကြောင်းအရာကိုမူ မဆုံးဖြတ်ထားသေး။ ရေးရင်ပင် တဖြေးဖြေးနှင့် အရသာတွေ့ကာ၊ ယခု နိဂုံး ရေးချိန်မှာ အချိန်မှာ ည သန်းခေါင်ယံပင် ကျော်လွန်ပီ ဖြစ်၏။ အကျဥ်းရုံးသော် မိမိ စိတ်ကို သိအောင် ကြိုးစားရန် ဖြစ်၏။ ထို့အတူ အစွန်းနှစ်ဘက်သို့ မရောက်အောင် ထိမ်းကျောင်းပေးရန် လို၏။ အချိန်ကန့်သတ်ချက်နှင့် အလုပ်လုပ်ပါက အကျိုးရှိဖို့ အကြောင်းများပေ၏။