မြန်မာဘာသာနဲ့ ရေးမလား၊ အင်္ဂလိပ်ဘာသာနဲ့ ရေးမလား



2017 ရဲ့ ရည်မှန်းချက်တစ်ခုက ဘလော့တစ်ခု စပြီး ရေးနိုင်ဖို့ပါပဲ။ တစ်နှစ်ကို အနည်းဆုံး စာမူ ၅၀ ရေးနိုင်ရင်တောင် ၁၀နှစ် ဆိုရင် ၅၀၀ ထွက်ပါလိမ့်မယ်။ မဆိုးဘူးလို့တော့ ထင်တယ်။ တစ်ပတ်ကို စာမူ ၁ ဆောင်ထွက်ရင် လုံလောက်တယ်။

အရင်ဆုံး စပြီး ခေါင်းစားတာက မြန်မာလို ရေးမလား။ အင်္ဂလိပ်လို ရေးမလား ဆိုတာပဲ။ ဒီမေးခွန်းကို ဖြေဖို့ ဆိုရင် နောက်ထပ် မေးခွန်းတွေ ထပ်မေးရမှာပေါ့။

(၁) ဘာအကြောင်း ရေးမှာလဲ။
(၂) ဘယ်သူတွေ ဖတ်စေချင်တာလဲ။
(၃) ဘာ တန်ဖိုးကို ရသွားနိုင်မလဲ။
(၄) ဒီအလုပ်ကနေ ဘာကို မျှော်လင့်ထားသလဲ။

ဒီမေးခွန်း (၄) ခုကို ဖြေနိုင်ရင် ဆုံးဖြတ်ဖို့ အများကြီး လွယ်သွားပြီလို့ ထင်ပါတယ်။

(၁) ဘာအကြောင်း ရေးမှာလဲ။
ကိုယ်နဲ့ အရင်းနှီးဆုံး၊ အကျွမ်းဝင်ဆုံးကို ရွေးတာက ကိုယ်အတွက် လွယ်လွယ်ကူကူ ရှိတာပေါ့နော။ အမေရိကန် သမ္မတဇနီး Anna Eleanor Roosevelt က ဒီလိုပြောတယ်။


Great minds discuss ideas; average minds discuss events; small minds discuss people.
ဒါစကားက အရမ်း တာသွားတယ်။ တချို့ blogger က အချင်းချင်း လိုက်တိုက်နေကြတယ်။ အတင်းအဖျင်း ပြောတယ်။ တချို့တွေက ဘယ်နေ့က ဘယ်ကိုသွားတယ်၊ ဘာစားတယ်၊ ဘယ်လုပ်တယ်ဆိုတာကို ဒိုင်ယာရီ ရေးသလို ရေးတယ်။ ဒါလည်း မဆိုးပါဘူး။

ကျွန်တော် စဉ်းစားတာက ကျွန်တော် အလုပ်ထဲက စိတ်ဝင်စားစရာ ကောင်းတဲ့ အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ၊ ပညာရနိုင်မဲ့ ဟာတွေကို ရွေးပြီး ရေးတာက ကျွန်တော်အတွက် ပိုကောင်းမယ် ထင်တယ်။ တခါတလေ စင်ကာပူက ဘဝအကြောင်းလေးတွေကို စပ်ကြားစပ်ကြား ရေးမယ်လို့ မှန်းတယ်။

(၂) ဘယ်သူတွေ ဖတ်စေချင်တာလဲ။
ကိုယ့်ဘာသာကိုယ် ဖတ်စေချင်တယ်။ လိုရင် ပြန်ပြီး ထုတ်သုံးနိုင်တာမျိုး။ ပြီးတော့ အခြား ကိုယ်လို လူမျိုးတွေကိုလည်း ဖတ်စေချင်တယ်။ နည်းပညာအလုပ်နဲ့ လုပ်တဲ့သူတွေအတွက် ဗဟုသုတရနိုင်တဲ့ တစ်နေရာဖြစ်စေချင်တယ်။ ကိုယ်ရေးတဲ့ အကြောင်းတွေက တခြား အင်္ဂလိပ်လို ရေးတဲ့ သူတွေ ပေါသလောက် မြန်မာလို ရေးတဲ့သူတွေ အရမ်းရှားတယ်။

(၃) ဘာ တန်ဖိုးကို ရသွားနိုင်မလဲ။
ဝါသနာတူတဲ့သူတွေအတွက် ဗဟုသုတ တစ်ခုခု ရသွားနိုင်မယ်လို့ ထင်တယ်။

(၄) ဒီအလုပ်ကနေ ဘာကို မျှော်လင့်ထားသလဲ။
စာအုပ်တစ်အုပ် ထုတ်နိုင်မည်လို့ မျှော်လင့်တယ်။ ဝါသနာတူတဲ့ သူတွေရဲ့ အဆက်အသွယ် ဖြစ်လာမယ်လို့ ယူဆတယ်။

စာဖတ်သူကော.. ဘယ်လို ထင်သလဲ။ ပွင့်ပွင့်လင်းလင်းသာ ပြော။ မရိုင်းရင် ပြီးရော။